ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း (၁၇.၉.၂၀၂၀ မှ ၂၃.၉.၂၀၂၀ ထိ)

Last Updated:

ယခင်သီတင်းပတ်ကာလမှစတင်ကာ ပြန်တက်လာနေသော ဧရာဝတီတိုင်းဒေသကြီး မတ်ပဲ ဈေးနှုန်းသည် ယခုသီတင်းပတ်ကာလတွင်လည်း တရိပ်ရိပ်ဆက်လက်တက်မြဲဖြစ်သည်။ ယခင် သီတင်းပတ်နောက်ဆုံးရက်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၃၂၀၀၀ ဈေးရှိခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်တွင် ကျပ် ၃၂၅၀၀ မှ ၃၂၇၀၀၊ စက်တင်ဘာ ၁၈ တွင် ကျပ် ၃၂၈၀၀၊ စက်တင်ဘာ ၁၉ တွင် ကျပ် ၃၃၀၀၀၊ စက်တင်ဘာ ၂၀၊၂၁ တွင် ကျပ် ၃၃၅၀၀၊ စက်တင်ဘာ ၂၂ တွင် ကျပ် ၃၃၈၀၀ မှ ၃၄၀၀၀၊ ၂၃ ရက်နေ့တွင် ကျပ် ၃၅၅၀၀ မှ ၃၅၇၀၀ စသည်ဖြင့် ဈေးနှုန်းတဖြည်းဖြည်း ဆက်တက်လျှက် ရှိသည်။ ယခင်သီတင်းပတ်ကာလနှင့်နှိုင်းယှဉ်လျှင် ကျပ် ၃၀၀၀ နီးပါးဈေးမြင့်လာသည်။

မြန်မာနိုင်ငံမှ မတ်ပဲအဓိကတင်ပို့သော အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံမှ မတ်ပဲအဝင်နည်းပါး လျှက်ရှိပြီး အိန္ဒိယနိုင်ငံပဲစိုက်ဒေသအများစုတွင် မိုးများလျှက်ရှိသောကြောင့် ပဲခွဲစက်များတွင် လက်ကျန်နည်းပါးကာ အကန့်အသတ်ဖြင့်သာရောင်းချနေရသောကြောင့် မြန်မာမတ်ပဲ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။ အိန္ဒိယပဲကုန်သည်များဘက်မှ အဝယ်သွက်နေသော်လည်း ပဲတင်သွင်း ခွင့်ပါမစ်ထပ်တိုးပေးမည့် ကြေငြာချက်ကို စောင့်ဆိုင်းရင်း မြန်မာကုန်သည်များဘက်မှ အရောင်း ပမာဏကို ထိန်းထားလျှက်ရှိသည်။ ပဲတင်သွင်းခွင့်ကာလကို ၂၀၂၁ ခုနှစ် မတ်လသို့ တိုးမြှင့် သတ်မှတ်ပေးမည့် သတင်းများထွက်ပေါ်လျှက်ရှိပြီး တင်သွင်းခွင့်ကာလထပ်တိုးပေးပါက  မြန်မာ မတ်ပဲဈေးနှုန်းထပ်တက်လာဖွယ်ရှိကြောင်းသိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန